ကလေးသူငယ်အခွင့်အရေး များကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန်အရေးကြီး

ထားဝယ်   ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။ 

အစည်းအဝေးတွင် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က တိုင်းဒေသကြီးအတွင်းကလေးသူငယ် အခွင့်အရေးများဆိုင်ရာလုပ်ငန်းများ ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်ကော်မတီဝင် ဌာနအဖွဲ့အစည်းများအကြားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမည့် ကလေးများအပေါ်တွင် မူတည်ကြောင်း၊ ထို့ကြောင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသော ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန်အရေးကြီးကြောင်း၊  ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းလုပ်ငန်းစဉ်များသည် ကျယ်ပြန့်နက်နဲသောကြောင့် ဌာနတစ်ခုတည်းကသာမက ကော်မတီဝင်ဌာနများနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် UNCRC က သတ်မှတ်ထားသည့် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူဆိုသောအချက်များကို အခြေခံထားပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် ကလေးသူငယ်အခွင့်အရေးများရရှိရန် ဦးတည်ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များနှင့်လူမှုအဖွဲ့အစည်းများက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွကိထားရှိမှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)