ခန္တီးမြို့၌ အောင်သီရိဖောင်ဒေးရှင်းမှ အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် တေရသမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ခန္တီး သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် အောင်သီရိဖောင်ဒေးရှင်းက အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် တေရသမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး အောင်သီရိဖောင်ဒေးရှင်း စာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးငွေထွန်းက အောင်သီရိဖောင်ဒေးရှင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အောင်သီရိဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးကဏ္ဍအတွက် ငွေကျပ်(၅၅)သိန်း၊ ပညာရေးကဏ္ဍအတွက် ငွေကျပ်(၃၀)သိန်း၊ ကျန်းမာရေးကဏ္ဍအတွက် ငွေကျပ်(၃၀)သိန်း၊ သာသနာရေး ကဏ္ဍအတွက် ငွေကျပ်(၂၀)သိန်း စုစုပေါင်း အလှူငွေကျပ် (၁၃၅) သိန်းအားပေးအပ်ရာ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ယင်းနောက် ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အောင်သီရိဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အောင်သီရိဖောင်ဒေးရှင်း စာရင်းစစ်အဖွဲ့ဝင် ဦးလှသန်းက လက်ခံရယူခဲ့သည်။

ထို့နောက် ခန္တီးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အောင်သီရိဖောင်ဒေးရှင်း ထောက်ပံ့အလှူငွေများအနက်မှ အောင်သီရိဖောင်ဒေးရှင်း အလုပ် အမှုဆောင်အဖွဲ့ဝင်များအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခန္တီးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)