ကသာ ဩဂုတ် ၇
ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ(၁) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကသာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကသာခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးဇော်ဝင်းထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ ငလျင် လှုပ်ခတ်မှုဖြစ်စဉ် သရုပ်ပြခြင်း၊ အထပ်မြင့်တွင် ပိတ်မိနေသော လူနာများအား ထွင်းဖောက် ဝင်ရောက်၍ ကယ်ဆယ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။ အလားတူ ကယ်ဆယ် ရရှိသည့်လူနာများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးသူနာပြုစုခြင်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ဆက်တိုက် သရုပ်ပြသ ခဲ့ကြသည်။
ထိုသို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားသို့ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း