အိမ်မဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

အိမ်မဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို  ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်းတို့ကို အကျယ်တဝင့်ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပရာ အ.မ.က ချောင်းဝကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စွန့်ပစ်အမှိုက် (၄) မျိုးအကြောင်း၊ မီးခိုးမြူငွေ့အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များကို ပြသပေးပြီး မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝပေးခဲ့သည်။

ချစ်သက်လယ်