မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” အခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၇

မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအကြား မျှဝေခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းစွမ်းရည်များ တိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွား လာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်နှင့် လူငယ်များ ဉာဏစွမ်းရည်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ဩဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ လူငယ်စကားဝိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့လူငယ်စကားဝိုင်းမှာ “လူငယ်နှင့်စာဖတ်ခြင်း” “လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” “လူငယ်နှင့်နည်းပညာ“လူငယ်နှင့်ကိုယ်ကျင့်တရားစသည့် ခေါင်းစဉ်(၅)ခုအပေါ် သုံးသပ်ဝေဖန်ဆွေးနွေးဖလှယ်သွားမည်ဆိုတာ သိရှိရကြောင်း၊ သက်ဆိုင်ရာခေါင်းစဉ်၊ အချက်အလက်အပေါ် ဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်စဉ်းစားခြင်းမှတစ်ဆင့် အတွေးအမြင်နက်ရှိုင်းမှုကို ရရှိနိုင်သကဲ့သို့ ကိုယ်ပိုင်အတွေးများကို ထုတ်ဖော်ပြသနိုင်မှာဖြစ်၍  ကျောင်းသားလူငယ်များကို စကားဝိုင်းမှာ တက်ကြွစွာပါဝင်ဆွေးနွေးစေပြီး အတွေ့အကြုံမှတစ်ဆင့် သင်ကြားမှုကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲ၊ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ၊ နည်းပညာနှင့် ကိုယ်ကျင့်အဘိဓမ္မာသင်တန်းကျောင်းတွေကို ဖွင့်လှစ်ဆောင်ရွက်နေမှုများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒီနေ့လူငယ်စကားဝိုင်းက သဘောထားအမြင်များ ကျယ်ပြန့်လာခြင်း၊ ဗဟုသုတများ တိုးပွားလာခြင်း၊ စကားပြောစွမ်းရည်များ တိုးတက်လာခြင်း၊ နားထောင်မှုစွမ်းရည် မြင့်မားလာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်း၊ ပြဿနာရပ်များကို မတူညီသောအမြင်များဖြင့် ဖြေရှင်းနိုင်ခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာခြင်းဆိုတဲ့ အကျိုးကျေးဇူးများရရှိစေဖို့ အထောက်အကူများစွာ ရရှိလာနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် အမှတ်(၉)အခြေခံပညာအထက်တန်း‌ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်ဝါဝါစန်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ပါဝင်ဆွေးနွေးပြောကြားသူများဖြစ်ကြသော အ.ထ.က(၄)မှ Grade-11 ကျောင်းသူ မသရဖီမျိုးက “လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၈)မှ Grade-11‌‌ ကျောင်းသူ မကေချိုလင်းက “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (၁၀)မှ Grade -12 ကျောင်းသား မောင်မင်းခန့်ကျော်က “လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(၉)မှ Grade-11 ကျောင်းသား မောင်ရဲစွမ်းပြည့်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါရမီကိုယ်ပိုင်ကျောင်းမှ Grade-10 ကျောင်းသား မောင်အောင်လင်းဖြိုးက “လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် မွန်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချိုချိုက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)