ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်

ဆိပ်ဖြူ သြဂုတ် ၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား ဆောင်ရွက်ပေးသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဦးဆောင်၍ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်း သိကောင်းစရာများနှင့် လက်တွေ့မဲပေးခြင်းဆိုင်ရာ နည်းစနစ်များကို သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းဆောင်ရွက်ပေးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများက မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း သိကောင်းစရာများနှင့် လက်တွေ့မဲပေးခြင်းဆိုင်ရာနည်းစနစ်များကို ရှင်းလင်းပြောကြားပေးသည်။

၎င်းနောက် ဌာနဆိုင်ရာဝန်ထမ်းများက မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြပြီး မွန်းလွဲပိုင်းအချိန်၌ ဆိပ်ဖြူ(အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)