မင်းဘူး ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲထက်အောင်က မိုးရာသီတွင်ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါ အပါအဝင် ကလေးများတွင်ဖြစ်ပွားတတ်သည့် အခြားရောဂါများ၏ ဆောင်ရန်၊ ရှောင်ရန်နှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကို ကျောင်းသားလူငယ်များအား အသိပညာပေးပြောကြားပြီး ဒေါက်တာရဲထက်အောင်နှင့်အတူ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ လက်သည်းခြေသည်းများစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများ အားပြုလုပ်ပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများပါ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများကို မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစဥ်သက်မှတ်ထားသောရက်များ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးအစရှိသည့် လုပ်ငန်းစဥ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲထက်အောင်က ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)