ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ဒေးဒရဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့်အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ  ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင် ဒေါ်သင်းသင်းမွန်နှင့် ဒေါ်မိုးသီတာအောင်တို့က လူကုန်ကူးမှုဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ လူကုန်ကူးမှု ကျူးလွန်သူများ ပြုလုပ်သည့် အဆင့်များ၊ လူကုန်ကူးခံရသူများ ကြုံတွေ့ရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း