သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ

သဲကုန်း ဩဂုတ် ၇

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.မ.က(ကန်နှစ်ဆင့်)ကျောင်းတွင် ဩဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္နာဌေးက စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကလေးစာဖတ်ခန်းဝန်ဆောင်မှုအဖြစ် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ပုံပြင်ပြောခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)