ငွေဆောင် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)စာသင်ကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ မိဘဆရာအသင်း အမှုဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ယနေ့နံနက် ပိုင်းက သံဃာတော်( ၃) ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မဟာပုညာ ရာမကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက်ပင့်ဆောင်၍ ကြွရောက်တော်မူလာကြသော ဆရာတော်များအား ဆရာ၊ ဆရာမများ၊ အလှူရှင်များမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်မှရေစက်ချ အနုမောဒနာတရားချီးမြှင့်ခဲ့ကာ ဆရာ၊ ဆရာမများနှင့် အလှူရှင်များမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ( ၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။ ထို့နောက်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
R - 014( ငွေဆောင်)