ငါးသိုင်းချောင်းမြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း ဩဂုတ် ၇

 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ကျန်းမာရေးဗဟုသုတများ ရရှိစေရန်အတွက် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့သစ်ရပ်ကွက်၊ အ.လ.က(ခွဲ) မြို့သစ် ကျောင်းတွင် ယနေ့နံနက် (၁၀းဝဝ) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူတို့၏ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် သက်ဆိုင်သည့် ကျန်းမာရေးဗဟုသုများကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဝေဇာမိုးမှ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း ပိုလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများကို လိုက်လံစစ်ဆေး ဆောင်ရွက်ကြောင်း၊ ယခုချိန်သည် ပိုးလောက်လန်းပေါက်ပွားချိန်ဖြစ်သည့်အတွက် သတိပြုရန်လိုကြောင်း၊ ရောဂါ၏လက္ခဏာရပ်များကို သိရှိနားလည်အောင် ပြောကြားကာ မြို့ဘက်စုံသားဖွားဆရာမ ဒေါ်သိမ့်သူဇာငြိမ်းကလည်း တစ်အိမ်ထောင်ခြင်းလုပ်နိုင်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထူထဲနေသောခြုံနွယ်များကို ရှင်းလင်းရန်လိုကြောင်း၊ ဝါးဆို့ပေါက်များကို သဲ၊ရွှံ့တို့ဖြင့် ပိတ်ဆို့ကာကွယ်တားဆီးရန်နှင့် နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးသွားနည်းလာခြင်းစသည့် အရေးပေါ်လက္ခဏာများ ဖြစ်လျှင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ချက်ခြင်းအချိန်မီပြသရန် လိုအပ်ကြောင်း ကိုလည်း သတိပေးပြောကြားခဲ့သည်။

ထို့နောက် အ.လ.က(ခွဲ) မြို့သစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ကြိုင်က ယခုလို လာရောက်၍ ကျန်းမာရေးဗဟုသုတများနှင့်ဆောင်ရန်ရှောင်ရန်များကို ပြောကြားပေးသည့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)