ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် သြဂုတ် ၇

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က ညောင်ဝိုင်းကျောင်းတွင် သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.မ.က (ညောင်ဝိုင်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့် အသက်အရွယ်နှင့် ဥပဒေပါအကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး စသည့်အကြောင်းအရာများကိုရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား(၈)ချက်၊ အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက "ကြွက်ကလေးတွေရဲ့သုခဘုံ" ခေါင်းစဉ်ဖြင့် စက္ကူပြဇာတ်နှင့်အစာမစားတဲ့ဇနီး" ခေါင်းစဉ်ဖြင့် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)