ဒေးဒရဲ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မွေးကင်းစမှ အသက်(၅)နှစ်အောက်ကလေးများ အာဟာရပြည့်ဝစေရေး၊ ကျန်းမာသန်စွမ်းစေရေး နှင့် အာဟာရဖွံ့ဖြိုးစေရေး ရည်ရွယ်၍ အာဟာရဖွံဖြိုးရေးရက်သတ္တပတ် (ပထမပတ်)လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က မိခင်နှင့်ကလေးများ အာဟာရပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဥာဏ်ရည် ထက်မြက်စေရေး သြဂုတ်လအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် ဆောင်ရွက် သွားမည်ဖြစ်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်နှင့်မွေးကင်းစမှ အသက်၂ နှစ်အထိ ကလေးများ အာဟာရပြည့်ဝစေရေး နေ့စဥ်ပါဝင်ရမည့် အာဟာရဓာတ်များ၊ အစားအစာများအုပ်စုများနှင့် မိခင်နို့အကျိုးကျေးဇူးများ၊ မိခင်နို့တိုက်ကျွေးသည့် အလေ့အထ ကောင်းများဖြစ်ထွန်းလာစေရေး လိုက်နာကျင့်သုံးကြရန်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်များ လှုပ်ရှားဆောင်ရွက်မှုများအား အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်း၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အသက် (၆) လမှ (၁၁) လအထိ ကလေးများ၊ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးများ သတ်မှတ်နှုန်းထားများကို တိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးစေရေး ခေါက်ဆွဲခေါက်ထုတ်၊ပဲ ၊အိုင်အိုဒင်းဆားနှင့် ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း