မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မအူပင် ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉) နာရီက အိုင်ဝိုင်းကျေးရွာ၊ မအူပင်စက်မှုဇုံရှိ New Talent အထည်ချုပ်စက်ရုံတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးမှ စက်ရုံရှိဝန်ထမ်းများနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အလျှင်အမြန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စက်ရုံ၌တပ်ဆင်ထားသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ အသင့်ရှိနေစေရေး အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ New Talent အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သိလိုသည်များအားမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

အောင်မြင့်မြတ်