ဘားအံ ဩဂုတ် ၇
ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်၍ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ရေဘေးရှောင် ကျွဲ၊ နွားများအတွက် ပြည်နယ်ရေဘေးရန်ပုံငွေဖြင့် ဝယ်ယူထားသော တိရစ္ဆာန်အစာ (နွားစာနု) အိတ်များ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လွှတ်ကျောင်းစားကျက်များ၊ အစာစိုက်ခင်းများ၊ သိုလှောင်ထားသည့် အစာများ ရေလွှမ်းခဲ့ရသည့်အတွက် သဘာဝဘေးဒဏ်သင့်ဒေသများတွင် တိရစ္ဆာန်များအတွက် အစာအာဟာရ အခက်အခဲရှိလာ၍ လိုအပ်သည့် အာဟာရဖြည့်တင်းမှုဖြစ်စေရန်၊ အအေးဒဏ်ခံခဲ့ရသည့် ကျွဲ၊နွားများအတွက် ကိုယ်ခံအားမြှင့်တင်ပေးရန် ယခုကဲ့သို့ နွားစာနုအိတ်များ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ယခုဖြန့်ဝေပေးလိုက်သည့် တိရစ္ဆာန်အစာအိတ်များသည် မွေးမြူသူများအတွက် လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းနိုင်သော်လည်း ရေဘေးဒဏ်ခံ ကျွဲ၊နွားများအတွက် များစွာ အထောက်အကူဖြစ်မည်ဟုယုံကြည်ကာ မွေးမြူသူများအနေဖြင့် ရရှိလာသည့် တိရစ္ဆာန်အစာများကို အလေအလွင့်မရှိအောင် စနစ်တကျ အသုံးပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်ရေဘေးအလှူငွေမှ ငွေကျပ်သိန်း (၇၅၀) တန်ဖိုးရှိ နွားစာနု (၅၀) ကီလိုဂရမ်ပါ အိတ် ၇၅၀၊ ပြည်ထောင်စုကပေးပို့လာသည့် ဆေး (၁၃) မျိုးပါ အတွဲ (၂၀) ကို ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသော ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၄၉ ခုသို့ ပေးအပ်ချီးမြှင့်ခဲ့ရာ မွေးမြူတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မွေးမြူတောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်မျိုးကျော်လွင်၊ မြို့နယ်ဦးစီးမှူးဒေါက်တာ စောဖောင်ဟိ၊ ပျားမွေးမြူရေးဦးစီးအရာရှိ ဦးစောကျော်ကျော်လင်းတို့က သဘာဝဘေးအလွန် ကျွဲ၊ နွားတိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ရောဂါများနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအနီး ကရင်ပြည်နယ် ဧည့်ရိပ်သာရှေ့ ပန်းခြံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်တို့က တည်ဆောက်ရေးလုပ်ငန်း(၁၇)ခုနှင့် အရိပ်ရပင်များ၊ ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးနေမှု အခြေ အနေ၊ လုပ်ငန်းတစ်ခုလုံး၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ်က အများပြည်သူ ကိုယ်စိတ်နှလုံး အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေး၊ ပန်းပေါင်းဝေဆာဖူးပွင့်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)