မင်းလှမြို့နယ်၌ ကျောင်းကျန်းမာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းလှ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ်ကလေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ကျန်းမာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ကျောင်းကျန်းမာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာနုယဉ်ခင်က မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် အကောင်အထည်ဖော်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာမာအေးက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများ၊ ကျောင်းအခြေပြုရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာကော်မတီဝင်များနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့ပေါ်အခြေခံပညာကျောင်း (၇)ကျောင်းမှ ကျောင်းအုပ်ဆရာ/ဆရာမများ စုစုပေါင်းအင်အား (၅၀)ဦးက မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဒုတိယပတ်ဖြစ်သော ဩဂုတ်လ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိအား ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဝင်းမြတ်(အထက်မင်းလှ)