ဒေးဒရဲမြို့နယ်၊ ဓနှုံးကုန်းကျေးရွာ၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးရွာချင်းဆက်ချောင်းကူးတံတားပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

ဒေးဒရဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ဓနှုံးကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတော်ကြီး၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင် ကျေးရွာအုပ်စုများရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အရေး ပိုမိုရရှိစေရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ရပ်ရွာအေးချမ်းသာယာရေး၊ ကျေးရွာနေပြည်သူများ အတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များကို မြို့နယ်သက်ဆိုင်ရာ အဖွဲ့အစည်း များသို့ ဆက်သွယ်ဆောင်ရွက်သွားကြရန် ဆွေးနွေးခြင်းနှင့် အတွင်းရေးမှူး ရဲမှူးပိုထွန်းက ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊  ကျေးရွာလုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ကျေးရွာနေ ပြည်သူများ၏ တင်ပြလာမှုများအခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေး ဓနှုံးကုန်းကျေးရွာနှင့် မရမ်းဝကျေးရွာချင်းဆက် ကားလေးလမ်းကူးတံတား ပန္နက်တင်မင်္ဂလာအခမ်းအနားအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များကတက်ရောက်၍ ပန္နက်တင်ခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်း ခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း