ပုသိမ် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ယမန်နေ့မွန်းလွဲပိုင်း ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “မြို့နယ်၊ ခရိုင်အလိုက် ထုတ်လုပ်ထားသည့် မျိုးစေ့ချကိရိယာ (Drum Seeder)များအား တိုင်းဒေသကြီး၏ လိုအပ်ချက်အရ သတ်မှတ်ထားသည့် အလက်ရေ ပြည့်မီအောင် အရည်အသွေးမြှင့်တင်ထုတ်လုပ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး စိုက်ဧက(၃၇)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ၊ လက်ဆွဲကောက် စိုက်စက်၊ ကောက်စိုက်စက်၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းစနစ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး အတွက် ရည်မှန်းချက်ပေးထားသကဲ့သို့ တောင်သူအားလုံး မျိုးစေ့ချကိရိယာ(Drum Seeder)များ ပိုင်ဆိုင်နိုင်ရေးနည်းလမ်းများ ရှာဖွေကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးနှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်မည့်လက်ရေနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီ ဖွဲ့စည်းထားရှိမှု၊ တိုင်းဒေသကြီးအတွင်း မျိုးစေ့ချကိရိယာ(Drum Seeder) လိုအပ်မှု၊ တစ်လလျှင်ထုတ်လုပ်မည့် မျိုးစေ့ချကိရိယာ(Drum Seeder)လက်ရေနှင့်ထုတ်လုပ်မည့်လုပ်ငန်းရှင်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများနှင့်အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်မည့် စက်ရုံများမှတာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အရည်အသွေးမြင့် မျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ခရိုင်၊ မြို့နယ်များမှ ထုတ်လုပ်ထားသည့် မျိုးစေ့ချကိရိယာ (Drum Seeder) များကို ကြည့်ရှုအားပေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်အရေအတွက်များအတိုင်းထုတ်လုပ်နိုင်ရေး မှာကြားခဲ့သည်။
လှမင်းထွဋ်