ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၂၃၉၇၂ စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့်ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧကစိုက်ပျိုး ထုတ်လုပ်နိုင်ရန် လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၂၃၉၇၂ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါမိုးစပါးများကို ဇွန်လလယ်က စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီ သော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန်၊ ဆန်စပါး ထုတ်လုပ်မှုတိုးတက်ရေး မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆည်ရေသောက်ဧရိယာနှင့် မိုးကောင်း သောက်ဧရိယာများတွင် ရေရရှိရေးနည်းလမ်းခြောက်သွယ်ဖြင့် မိုးစပါးများကို ကြဲခင်းစိုက် ခြင်း၊ တိုက်ရိုက်စိုက်ခြင်း၊ လုပ်သားရှားပါးမှုအခက်အခဲများ ဖြေရှင်းနိုင်စေရန် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် ကွင်းသရုပ်သပြပွဲများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုး ရေးသွင်းအားစုကုန်ကျစရိတ် သက်သာစေရန်နှင့် စိုက်နည်းစနစ်များကို စိုက်ပျိုးရေးကွင်း တာဝန်ခံများ က တိုက်နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကန့်ဘလူမြို့နယ်၌ မိုးစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံ တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါးမျိုးများအဖြစ် ဧရာမင်း၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ပေါ်ဆန်း၊ မနောသုခနှင် အောင်နိုင်တိုးစသည့် စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း