ဖောင်းပြင် ဩဂုတ်၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံဟန်များ သိရှိကျင့်သုံးစေရန်နှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်ရည်ရွယ်ပြီး ကျန်းမာရေးဆိုင်ရာ စောင့် ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီး၏ စီစဉ် ညွှန်ကြားမှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရှိကျောင်းများသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးဆောင်ရွက်ခြင်း၊ စနစ်တကျလက်ဆေးခြင်း စနစ်မှန်သွားတိုက်ခြင်းများကို သရုပ်ပြပညာပေးခြင်း၊ မျက်စိရောဂါဖြစ်ပွားမှုကာကွယ်ရေး အမြင်အာရုံတိုင်းတာခြင်း၊ သံချဆေးတိုက်ကျွေးခြင်းနှင့် အပျိုဖော်ဝင် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသူများအား သံဓာတ်ဆေးပြား (Furamin BC)များကို ထောက်ပံ့ပေးကာ ကျောင်းဈေးတန်းမှ အစားအသောက်များ ရောင်းချနေမှုအပေါ် ကျန်းမာရေးနှင့်ညီညွှတ်မှုရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထို့အပြင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ခြင်ကြောင့်ဖြစ်ပွားသည့်ရောဂါများ မဖြစ်ပွားစေရေး အသိပညာပေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)