တောင်တွင်းကြီး သြဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဦးစီးအရာရှိ ဦးပြည့်မောင်က မဲပေးစက်များစစ်ဆေးခြင်းအကြောင်းအရာများ၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ မဲရုံဖွင့်ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် (MEVM) ကိုင်တွယ်အသုံးပြုနည်း၊ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေများ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို power point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက လက်တွေ့မဲပေးစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)