ကရသူရိမြို့ ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်

ကရသူရိ သြဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများကျန်းမာရေးနှင့်အညီ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေးအသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ကရသူရိမြို့ တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းက အစားအသောက်များမှတစ်ဆင့်ကူးစက်တတ်သော ဝမ်းပျက်/ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါကြောင်း၊ ယင်နားစာများနှင့် မသန့်ရှင်းသော အစားအစာများစားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ယင်လုံအိမ်သာသုံးစွဲကြရန်၊ သောက်ရေသန့်(သို့မဟုတ်) ရေကိုကျိုချက်၍ သောက်သုံးရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ခံ သားဖွားဆရာမ ဒေါ်စုနန္ဒာထက်က နေအိမ်နှင့်ကျောင်းပတ်ဝန်းကျင် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးကို ဂရုပြုရန်လိုအပ်ကြောင်း၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားရောက်ပြသ ရန်လိုအပ်ကြောင်းနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများ၏ ဆောင်ရန်/ရှောင်ရန် ဟောပြောခဲ့သည်။

ထို့နောက် သားဖွားဆရာမက ကျောင်းသား/သူကလေးများအား တစ်ဦးချင်းအလိုက်တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်လုံး၊ နှာခေါင်း၊ နား၊ လည်ပင်း၊ လည်ချောင်းနှင့်အခြားရောဂါလက္ခဏာများအားကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ ဈေးဆိုင်များနှင့်မုန့်စျေးတန်းများ ကျန်းမာ ရေးနှင့်အညီ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးကာကျန်းမာရေးဆိုင်ရာ  အသိပညာများပြောကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)