မြဝတီ ဩဂုတ် ၇
ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ရာ မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေးဂေဟာ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊အ ခြေခံပညာမူလတန်း(လွန်) ကျောက်လုံး ကြီးကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြဝတီမြို့ပြန်လည် ထူထောင်ရေးဂေဟာ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်နွယ်နွယ်ရီ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ဒုတိယရဲမှူး ဦးသက်ဇော်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်၊ သဘာဝပတ်ဝန်းကျင်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်တို့က ကျောင်းသား၊ ကျောင်းသူများအား online media ၏ အဓိပ္ပါယ်၊ onlineလိမ်လည်မှု အမျိုးအစားများ၊ လောင်းကစားမှု၊ လိမ်လည်မှုဖြစ်စဥ်များနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ သတိပြုဆင်ခြင်နိုင်စေမည့်အကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မဲခေါင်တရား ဉပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှပေးပို့လာသည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးဗီဒီယို Clip (၂)ခုကို ပြသခဲ့ကာ အသိပညာပေးဟောပြောခဲ့သည့်အကြောင်းအရာများကို ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် အကြောင်းအရာများ မေးမြန်းခြင်းအစီအစဥ်များကို ဆောင်ရွက်ခဲ့ရာသက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့သည်။
ထို့နောက် အခြေခံပညာမူလတန်း(ခွဲ)၊ကျောက်လုံးကြီးကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစောထူးဘော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြသထားသည့် အသိပညာပေးနံရံကပ်၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)