ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ သားငါးဝယ်ယူစားသုံးမှုအဆင်ပြေစေရန် သား/ငါးဈေးသည်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး စစ်ဆေးအသိပညာပေး

ပွင့်ဖြူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူ စားသုံးမှုအဆင်ပြေစေရန်အတွက် စည်ပင်သာယာဈေးများရှိ (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးနှင့် ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဈေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့မဈေးနှင့် ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးသို့ သွားရောက်ပြီး သား/ငါးဈေးသည်များကို တွေ့ဆုံကာ (ဝက် ၊ အမဲ ၊ ဆိတ်)လိုင်စင်စီများမှ သား/ငါးများရောင်းချရာ၌ စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော သား/ငါးများ ရောင်းချရေး၊ သတ်မှတ်ထားသော သားငါးဈေးနှုန်းများအတိုင်း ရောင်းချရေး၊ အရိုး /အသား အဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်းများရှောင်ကြဉ်ရန်၊ ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ရေး၊ သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် ဝန်ထမ်းများပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော (ဝက် ၊ အမဲ ၊ ဆိတ်)ဈေးဆိုင်ခန်းများတွင် သား/ငါးများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း အမှန်တကယ်ရောင်းချမှု ရှိ/မရှိ ၊ အရိုး /အသား အဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးသူဈေးသားများ အဆင်ပြေစွာ ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ သားငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရေးအတွက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာ ကျေးလက်စည်ပင်သာယာဈေးများတွင် (ဝက် ၊ အမဲ ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများရောင်းချရာတွင် အမဲသားတစ်ပိဿာ ငွေကျပ် ၂၉၀၀၀ ၊ ဝက်သားတစ်ပိဿာ ငွေကျပ် ၂၀၀၀၀ ၊ ဆိတ်သားတစ်ပိဿာ ငွေကျပ် ၂၀၀၀၀ ဖြင့် ရောင်းချရန် ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထားရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)