ပွင့်ဖြူမြို့နယ်တွင် မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က အခွန်ကောက်ခံမှုစနစ်များ စနစ်တကျဖြစ်စေရန်နှင့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိစေရန်အတွက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဩဂုတ်လ (၁) ရက်နေ့ကစပြီး မြို့တွင်းဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းများ နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က မြို့တွင်းဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို မြို့ဝင်ကြေးဘီးခွန်အား မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားချက်အတိုင်း တန်(၃၀)နှင့်အထက် မော်တော်ယာဉ်များကို ငွေကျပ် ၁၀၀၀၊ တန်ချိန်(၁၂)တန်အထက် မော်တော်ယာဉ်များကို ငွေကျပ် ၈၀၀၊ တန်ချိန် (၆)တန်မှ (၁၂)တန်အထိ မော်တော်ယာဉ်များကို ငွေကျပ် ၅၀၀၊ တန်ချိန် (၂)တန်မှ (၆)တန်အထိ မော်တော်ယာဉ်များကို ငွေကျပ် ၃၀၀၊ (၂)တန်အောက် မော်တော်ယာဉ်များကို ငွေကျပ် ၂၀၀ နှုန်းဖြင့် အသီးသီး မြို့ဝင်ကြေးဘီးခွန် ကောက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းအား ညွှန်ကြားချက်အတိုင်း အပြည့်အဝ ကောက်ခံဆောင်ရွက်နိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)