ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်

ငဖဲ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် ဇူလိုင်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက သုတရသစာအုပ်စာပေများဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ Book Club အဖွဲ့ဝင် ဒေါ်သီသီမာက ၂၀၂၄ ခုနှစ် ဇူလိုင်လထုတ်သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ပါ အန်ကယ်စိုးရေးသားသည့် ရေအသက်တစ်မနက်၊ ထမင်းအသက် ခုနှစ်ရက်၊ ပညာအသက် ဘဝတစ်သက် ဆောင်းပါးပါ အတန်းပညာသင်ယူခြင်း၊ စာပေဖတ်ရှုခြင်းတို့သည် မိမိတို့ဘဝကို ရှေ့တန်းရောက်အောင် ဖော်ဆောင်ပေးနိုင်ကြောင်း၊ ကျောင်းသားလူငယ်များသာမက ပြည်သူတစ်ရပ်လုံးကပါ စာပေဗဟုသုတများကို ရှာဖွေဆည်းပူးသင့်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍  Youth Club အဖွဲ့ဝင် မစန္ဒာဦးက ရန်ကုန်ဌေးဇော်ရေးသားသည့် ဆေးဝါးမူးယစ်တားမြစ်ကြစို့ ဆောင်းပါးပါ ယခုအခါ လူများဖန်တီးသော မူးယစ်ဆေးဝါးထုတ်ကုန်အသစ်များသည် အသက်ငယ်ရွယ်သောသုံးစွဲသူများကို ရည်ရွယ်သည့် ဈေးကွက်၌ ထွက်ပေါ်နေသည်မှာ အနာဂတ်လူငယ်များအတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုထက်ဆေးဝါးမူးယစ်ကို ပိုမိုတားမြစ်ရန်လိုအပ်ကြောင်းနှင့် ဆေးလိပ်သောက်ခြင်းဖြင့်ရရှိလာမည့် ဆိုးကျိုးတို့ကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)