စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်းသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများအားလည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း မြေယာကိစ္စလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်ဦးစီးမှူးက စိုက်ပျိုးဧရိယာများ ရေပေးဝေမှုအခြေအနေများအားလည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) ခရိုင်ဦးစီးမှူးက ဆည်/တမံများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း တိရစ္ဆာန်များ မွေးမြူထားရှိမှုနှင့် အသား/ဥ ထုတ်လုပ်မှုအေခြအနေများအားလည်းကောင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း ငါးမွေးမြူထုတ်လုပ်မှု အခြေအနေများအားလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေူနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်း အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းခရိုင်အတွင်းရှိ ပြည်သူများ စားရေရိက္ခာ ဖူလုံပြည့်ဝစေရေးအတွက် စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရေးတို့အား ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)