ကော့ကရိတ် ဩဂုတ် ၇
ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့မဈေးကြီးရှေ့တွင် ပြုလုပ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမှတ်(၇၁) ယာဉ်ထိန်းတပ်ဖွဲ့စု ဒုရဲမှူးကျော်လင်းဦးက ၂၀၂၀ပြည့်နှစ်တွင် ထုတ်ပြန်ထားသည့် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေများကို ယာဉ်မောင်းနှင်သူပြည်သူများအား သိရှိလိုက်နာနိုင်စေရေးအတွက် အသိပညာပေး ဟောပြောသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်စီးနှင်းသူ ပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်ကို အရှိန်ပြင်းစွာ၊ ပေါ့လျော့စွာမောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်မောင်းနှင်သူနှင့်တကွ လိုက်ပါစီးနှင်သူပါ ဆိုင်ကယ်ဦးထုပ်ဆောင်းလျှင် မေးသိုင်းကြိုး သေချာတပ်ဆင်၍ မောင်းနှင်ရန်၊ ယာဉ်မောင်း လိုင်စင်မရှိဘဲ မော်တော်ယာဉ်ကို မောင်းနှင်ခြင်မပြုရန်၊ အခြားသူ၏ယာဉ်မောင်းလိုင်စင်ကို အသုံးမပြုရန်၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ယာဉ်ကိုမောင်းနှင်ခြင်း၊ ကုန်ပစ္စည်းကိုတင်ဆောင်ခြင်းမပြုရန်၊ မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်ယာဉ်ကို အငှားယာဉ်အဖြစ် အသုံးမပြုရန်၊ ယာဉ်မောင်းချိန်အတွင်း အရက်သေစာသောက်စားမူးယစ်မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မတော်တဆမှုဖြစ်ပါက အပြစ်ပေး အရေးယူရာတွင် ယာဉ်ကြီး/ယာဉ်ငယ်ဟူ၍ မရှိကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မှားယွင်းသည့် ယာဉ်မောင်းသူများကိုသာ အရေးယူမည်ဖြစ်ကြောင်း စသည့် ဥပဒေများပါဝင်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)