ရေနံချောင်းမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရေနံချောင်း ဩဂုတ် ၆

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ​ရေနံ​ချောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ”မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ အမြဲမပြတ်လေ့လာသင်ယူရေး (Never Stop Learning Talk Show) စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု၊ ဂုဏ်ပြုလက်​ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် သုတ/ရသစာအုပ် စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ပြီး အမြဲမပြတ်လေ့လာသင်ယူရေး (Never Stop Learning Talk Show) စကားဝိုင်းတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျုးထားသည့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ"ဝတ္ထုကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး  အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄)ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကာ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့ပေါ်အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့က "ပျားကိုပုံတု စာပေစု စာကြည့်တိုက်ကိုဗဟိုပြု" လူမှုဘဝမြင့်မားဖို့ စာဖတ်ရှိန်မြှင့်တင်စို့ " ခေါင်းစဉ်နှစ်ခုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)