သံတောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းကူးတံတားနှစ်စင်းနှင့် နေအိမ်တစ်လုံးပျက်စီး

သံတောင်ကြီး    ဩဂုတ်   ၆ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင်မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းလာခြင်းကြောင့်   ယနေ့နံနက်၈နာရီခန့်က ချောင်းကူး တံတားနှစ်စင်းနှင့် လူနေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်းသိရသည်။ 

သံတောင်မြို့တွင် တောင်ကျချောင်းရေကြောင့်  သံတောင်-တောင်ငူလမ်းမကြီးမှ အနော်ရထာလမ်းသို့ ဆက်သွယ်ထားသည့်ပသိချောင်းတံတားအလျား ပေ ၈၀ ၊ အနံ(၁၈)ပေ၊ အမြင့် (၁၂) ပေ ပသိချောင်းကူးတံတားနှင့် ကောင်းမြန်မာအောင်ကုမ္ပဏီပိုင်စိုက်ပျိုးခြံသို့  ဆက်သွယ်ထားသော ပသိချောင်းတံတားအလျား ပေ ၄၀၊ အကျယ် ၁၀ပေ၊ အမြင့် (၁၂) ပေတို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အတူ   သံတောင်မြို့အမှတ်(၂)ရပ်ကွက်  ဦးတင်ဝင်း၏နေအိမ်အဆောက်အအုံမှာ  ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါပျက်စီးခဲ့သည့် တံတားနှစ်စင်းအား သက်ဆိုင်ရာဌာနများမှ  အမြန်ပြုပြင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရသည်။

နော်နော်မူ