၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ

ကြံခင်း ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို Grade-8 ကျောင်းသား၊ ကျောင်းသူများက “မြတ်သောပညာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဂုဏ်ပြုဆုချီးမြှင့်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ သိပ္ပံဘာသာတွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် တိုင်းဒေသကြီးအဆင့်(၁)ရရှိသူ မနန်းစံပယ်ဖြူအား ခရိုင်ပညာရေးမှူး ဦးမြင့်အောင်လည်းကောင်း၊ ဝိပ္ပံဘာသာတွဲတွင် လေးဘာသာဂုဏ်ထူးဖြင့် တိုင်းဒေသကြီးအဆင့် (၈) ရရှိသူ မအိဖူးခိုင်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က  ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ကြသည်။ ဆက်လက်ပြီး Grade-6 နှင့် Grade-8 ကျောင်းသား၊ ကျောင်းသူများက “ကျွန်တော်ရည်မှန်းချက်” သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် လူရည်ချွန်ရရှိသူများနှင့် လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ကြသည့် ကျောင်သား၊ ကျောင်းသူများနှင့် ၂၀၂၅ ခုနှစ်၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိအောင်သင်ကြားပေးပါသော ဆရာ၊ ဆရာမတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဆုအလှူရှင်များက အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။

ထို့နောက် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား ဘာသာစုံဂုဏ်ထူး မနန်းစံပယ်ဖြူတို့က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ အဆိုပါ အ.ထ.က(၁)ကျောင်းတွင် ဘာသာစုံဂုဏ်ထူး ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၃ ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄ ဦး စုစုပေါင်း ၁၁ ဦး ရရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၇၅.၂၈ ရာနှုန်းရှိကြောင်း အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ထံမှ သိရသည်။

ဖြိုးဝေလင်း