သရက်မြို့၌ သဘာဝဘေး‌လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုဘေး၊ ဆူနာမီးဘေး ခေါင်းစဉ်များဖြင့် အသိပညာပေးပြောကြားပေးခဲ့ပြီးမြို့နယ် မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးမင်းကျော်ဟိန်းက မီးဘေးအန္တရာယ်ဆိုင်ရာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဟောပြောပေးခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူလွင်က မုန်တိုင်းဘေးနှင့်ပတ်သက်၍  မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များတို့ကို ပြောကြားပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)