ချောင်းဦးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ချောင်းဦး ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ နိုင်ငံတော်အနေဖြင့်လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်အား ဖော်ဆောင်ပေးနိုင်ရေးအတွက် အဖက်ဖက်မှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့မြို့နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ် ပြည့်လူဦးရေစာရင်းများအား သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စီစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများပြုစုနိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာ လိုက်နာမှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကာလတွင် အဆိုပါမဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်းက မိတ်ဆက်စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ဆွေဆွေသန်းမှ ချောင်းဦးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အရာရှိနှင့်ဝန်ထမ်းများ၊ သင်တန်းသားသင်တန်းသူ ၈၄ ဦး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလအား မဲပေးစက် ကိုယ်တွယ်အသုံးပြုပုံ၊ ထိန်းသိမ်းနည်းများ ကျွမ်းကျင်သည်အထိ ၂ ရက်တာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်အောင်