နတ်မောက်မြို့နယ်၌ ဒေသဝမ်းစာဖူလုံးရေး မိုးစပါးစတင်စိုက်ပျိုးလျက်ရှိ

နတ်မောက် ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၅ မိုးစပါးများကို ရပ်ကွက်/ကျေးရွာများရှိ တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

နတ်မောက်မြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် အချိန်မီစိုက်ပျိုးနိုင်စေရန် တောင်သူများအား နှစ်စဉ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ မျိုးသန့်မျိုးစေ့များ ထောက်ပံ့ခြင်း၊ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်များဖြင့် စနစ်တကျ စိုက်ပျိုးခြင်းဖြင့် စံကွက်များဖော်ဆောင်လျက်ရှိကြောင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ် ပါဝင်မှုစစ်ဆေးပြီး ဓာတ်မြေဩဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ခြင်း၊ ခေတ်မိစိုက်ပျိုးနည်းစနစ်များ လက်တွေ့ပြသခြင်း၊ စပါးစိုက်တောင်သူများအား သွင်းအားစုဓာတ် မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း၊ နည်းပညာများပညာပေးခြင်းလုပ်ငန်းများကို တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းတာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုကပြောသည်။

နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံနှင့် ကျောက်တံခါးရေလှောင်တမံမှ ဖြန့်ဝေသော ရေများ၊ ဆည်ငယ် ကန်ငယ်များမှ ဖြန့်ဝေသည့်ရေများဖြင့် မိုးစပါး (၂၄၉၂၅) ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။

မူမူစန်း