မြောင်းမြ သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပုဂ္ဂလိကဆေးရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းလုပ်ငန်းများအား မြောင်းမြခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး ဦးဆောင်သည့် ခရိုင်/မြို့ နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ အရေးပေါ်အခြေအနေတွင် လူနာများ ဘေးကင်းစွာရွှေ့ပြောင်းနိုင်ရေး၊ safety zone သတ်မှတ်ထားရှိရေး၊ တပ်ဆင်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်အသင့်ရှိရေး၊ မီးသတ်စခန်းများသို့ အချိန်မီဆက်သွယ် သတင်းပို့ရေးတို့ကိုလမ်း ညွှန်မှာကြားခဲ့ကြောင်းသိရသည်။
မြောင်းမြ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးနှင့် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် မီးသုံးစွဲရာတွင်သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်၍ အပတ်စဉ်လှုံ့ဆော်သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇေယျာ