ကန့်ဘလူမြို့နယ်၌ မိုးရာသီဆီထွက်သီးနှံမြေပဲ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

ကန့်ဘလူ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီအတွင်း တောင်သူများ၏လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံဖြစ်သော မြေပဲ ၅၁၉၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်ရှိတောင်သူများသည် မိုးသီးနှံမြေပဲကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံများနှင့်ရော၍ ပင်ကြား၊ တန်းကြားသီးညှပ်စိုက်ခင်းများဖြင့်လည်းကောင်း စိုက်ပျိုးထားရှိကြသည်။ မိုးသီးနှံမြေပဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအများအပြားတွင် ဇူလိုင်လအတွင်း စိုက်ပျိုးပြီးစီးခဲ့ပြီး အဆိုပါမိုးသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

မြေပဲသီးနှံစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး ဒေသနှင့်ကိုက်ညီသည့် မြေပဲမျိုးများ ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနိုင်ရေးနှင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းတာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများကူညီပံ့ပိုးပေးခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံမြေပဲကို ၅၁၅၈၆ ဧကလျာထားစိုက်ပျိုး ရာ ၅၁၉၃၁ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ၃၄၅ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ဆီထွက် သီးနှံမြေပဲအပြင် နှမ်း၊ နေကြာတို့ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း