ချောက် ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန် ခံဒေါ်မြတ်မြတ်မိုးက စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်တွင်ရောင်းချသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းများဖော်ပြထားရှိရေး၊ စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စိတ်ကျေနပ်မှုရှိစေရေးများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများကိုလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောကာ တက်ရောက်လာသည့် စားသောက်ဆိုင်ရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် စားသောက်ဆိုင်ရှင်များ အားကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)