တနင်္သာရီတိုင်းဒေသကြီးအတွင်း KG ကျောင်းသား၊ ကျောင်းသူ ၁၄၇၆၅ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ် အောင်မြင်စွာစတင်နိုင်ခဲ့

ထားဝယ်        ဩဂုတ်  ၆

တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ကျောင်းနေအရွယ် ကလေးလူငယ်များအားလုံး ကျန်းမာရေးနှင့်ညီညွတ်သည့်လူနေမှုဘဝဟန်ပုံစံများ လက်တွေ့ကျင့်သုံး လာနိုင်ရေးရည်ရွယ်၍ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို ကျန်းမာရေးဌာနကလိုအပ်သော နည်းပညာ ကူညီပေးပြီးပညာရေးဌာနမှ ဦးဆောင်အကောင်အထည်ဖော် လျက်ရှိကြောင်း၊  ကော်မတီဝင်များအနေဖြင့် ပြီးခဲ့သည့် စာသင်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ အရလာမည့် စာသင်နှစ်တွင်ပိုမိုကောင်းမွန်သော ကျောင်းသားလူငယ်တစ်ရပ်လုံးသာမက ၎င်းတို့၏ မိသားစု များပါ ပူးပေါင်းပါဝင်မှုဖြင့် ကျောင်းမှပြည်သူတွင်းသို့လူနေမှုဘဝဟန်များရောက်ရှိရေး ဆွေးနွေးအကြံပေးစေလို ကြောင်း၊ ကျောင်းသားကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီးအာဟာရ ပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များစွဲမြဲကျင့်သုံး တတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင်ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်း ကျောင်းသားကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်ပုံစံများမြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်မှစတင်ပြီး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဦးခြင်းကျန်းမာမှကျန်းမာသော လူအဖွဲ့အစည်းဖြစ်မည်ဖြစ်ပြီး ကျန်းမာရေးအလေ့အကျင့်ကောင်းများကို ကျောင်းသားအရွယ်မှ စတင်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းတိုင်းတွင် ကျောင်းကျန်းမာရေးမြှင့်တင်ရန် သိရှိလိုက်နာရမည့် ကျန်းမာရေးအလေ့အကျင့် ကောင်းများ၊ ရောဂါကာကွယ်တားဆီးရေး၊ သန့်ရှင်းရေးလုပ်ငန်းများ၊ အာဟာရပြည့်ဝရေး ဗဟုသုတများ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အခြေခံပညာကျောင်း(၄၄၃)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူပေါင်း(၁၄၇၆၅)ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အောင်မြင်စွာစတင်နိုင်ခဲ့သည့်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ သည့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ၊  ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျောင်းကျန်းမာရေးကော်မတီ အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅)ပညာသင်နှစ် အတွင်း အခြေခံပညာကျောင်းများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျောင်းကျန်းမာရေး အဆင့်မြှင့်ကျောင်းများဖြစ်စေရေးအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ လာမည့်စာသင်နှစ်တွင် ဆက်လက် ဆောင်ရွက် သင့်သည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)