စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဧရာဝတီတံတား (ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ တွေ့ဆုံခြင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဂိတ်များနှင့် ဇတ်ဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

မုံရွာ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)၊ ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေး ကောက်ခံမှုများမရှိစေရေး၊ တရားမ ဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဂိတ်များနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်မုဒ်ဦး ပြုပြင်ဆောင်ရွက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ လုံခြုံရေးစနစ်တကျဆောင်ရွက်ရေး၊ တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင်ကားကြီးများနှင့် တွဲကားကြီးများဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက်ဆိပ်ဖြင့် သယ်ယူပို့ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများနေ့စဉ်အသုံး ပြုစားသုံးနေသည့် ကုန်စည်များ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် တာဝန်ရှိသူများမှ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)