လွိုင်ကော် သြဂုတ် ၅
ဒေသဖွံ့ဖြိုးရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုနှင့် လွိုင်ကော်တက္ကသိုလ် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ တိုးတက်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဈေးပိုင်းရပ်ကွက် အမှတ်(၄)လမ်းမကြီး ဘေးဝဲယာအရှည် ၂၆၀၀ ပေ၊ ပျမ်းမျှအကျယ် ၄ ပေ၊ ၈ လက်မထုကွန်ကရစ် လမ်းပုခုံးခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ပြည်နယ်စည်ပင် သာယာရေးဝန်ထမ်းများမှ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဖြစ်သည့် လောဓမ္မရပ်ကွက်၊ ပြည်နယ်ဘိုးဘွားလမ်းဘေးဝဲယာ ရေမြောင်းများတစ်လျှောက် ချုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းဆယ်ယူခြင်းနှင့်၊ သီရိလောလမ်း ကျောက်စီရေမြောင်းတစ်လျှောက် ချုံနွယ်များ၊ အမှိုက်သရိုက်များ ဆယ်ယူနေမှုနှင့် စက်ယန္တရားများဖြင့် မြေသားမြောင်းပြုပြင်တူးဖော်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မင်းစုရပ်ကွက်၊ စည်သူလမ်း လမ်းဘေးဝဲယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေမြောင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်းသာယာလှပရေးအတွက် ရပ်ကွက်များအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်း စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်အဝင်မုခ်ဦးနှင့် တက္ကသိုလ်ဆိုင်းဘုတ်ပြုပြင်ခြင်း၊ အုတ်တံတိုင်းခြံစည်းရိုး တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးနေမှုအခြေအနေများ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအဝင် လမ်းနှင့်ဂိတ်တံခါးပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ တက္ကသိုလ်အုတ်တံတိုင်းခြံစည်းရိုးဧရိယာတွင် ရေဝပ်မှုမရှိစေရေး မြေသားမြောင်းဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး အုတ်တံတိုင်းခြံစည်းရိုး တည်ဆောက်နေမှုများ၊ အကြမ်းဖက်သမားများကြောင့် ပျက်စီးခဲ့သည့် ၆ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာနှင့်ဓမ္မာရုံ ပြုပြင်တည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့ဝင်များအား စနစ်တကျနေရာချထားပေးရန်နှင့် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ကာလပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)