ကော့သောင်း ဩဂုတ် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "စက်ချုပ်သင်တန်း"ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက် ဓမ္မာရုံတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှင့်သင်တန်းသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ပြအပါအဝင် ကျေးရွာများကိုရွေးချယ်ပြီး ဒေသထွက် ကုန်ကြမ်းများအပေါ် မူတည်၍လည်းကောင်း၊ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့် ကျေးလက်နေလူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်လူရွယ်များအား ရွေးချယ်၍လည်းကောင်း၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးရေးလုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအားရွေးချယ်၍လည်းကောင်း၊ စီမံကိန်းလုပ်ငန်း ခေါင်းစဉ်(၇)ခု မှ “အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း” ဖြစ်သည့် စက်ချုပ်သင်တန်းအား အေးမြကန်သာရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံတွင်ဖွင့်လှစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် ဘာသာရပ်(၁၆)မျိုးကို စာတွေ့/လက်တွေ့ဖြင့် ကျွမ်းကျင်နည်းပြမှ သင်တန်းကာလ(၄၅)ရက်တိတိ သင်ကြားပို့ချခဲ့သည့်အတွက် ဒီဇိုင်းသပ်ရပ်လှပသည့် ကုန်ချောအထည်များ ထွက်ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချတဲ့ဘာသာရပ်များကို ကောင်းစွာအသုံးချပြီး မိမိတို့၏ စိတ်ကူး စိတ်သန်းဖြင့် တီထွင်ကြံဆ၍ အထည်ဒီဇိုင်းများကိုချုပ်လုပ်နိုင်မည်ဆိုလျှင် မိမိလုပ်ငန်း အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတတ်မြောက်ထားသည့် ပညာရပ်များဖြင့် အသေးစားစက်မှုလုပ်ငန်းများထူထောင်ပြီး နိုင်ငံတော်၏အကျိုးစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် နိုင်ငံသားများ ဖြစ်အောင် ကြိုးစားကြရန် လိုကြောင်း” အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်မှ သင်တန်းတွင် သင်တန်းသူ(၁၀)ဦးအနက် ထူးချွန်သင်တန်းသူ(၅)ဦးအား စက်ချုပ်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် (၁)ဦးလျှင် အပ်ချုပ်စက် (၁)လုံး၊ ဓါးစက်(၁)လုံး၊ ဘီတင်စက်(၁)လုံး၊ ရိုက်သီးစက်၊ မီးပူ၊ Extension ကြိုးခွေ၊ အင်္ကျီချိတ်(အရုပ်)၊ မီးပူတိုက်ခုံ(၁)ခုံ စုစုပေါင်းအမျိုးအစား (၈)မျိုး ပေးအပ်သွားမည့်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ သင်တန်းသူ များအားသင်တန်းဆင်းလက်မှတ်များပေးအပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ သင်တန်းသူများအား သင်တန်းထွက် ကုန်ချောပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြား၍ တက်ရောက်လာကြသောတာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)