ကျွန်းစု ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိုက်ထွန်းက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်များအကြောင်း သိကောင်းစရာများ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)