ကျိုက်လတ် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ဩဂုတ်လ (၄) ရက်၊ နေ့လယ်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွား ဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာနိုင်ရေး၊ အရေးယူဆောင်ရွက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်လတ်မြို့မစခန်းမှူး ဒုရဲမှူး သီဟကျော်က မော်တော်ယာဉ် မောင်းနှင်သူများနှင့် လိုက်ပါစီးနှင်လာသူများ လိုက်နာရမည့်စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များအား ကွင်းဆင်း၍ ပညာပေးမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)