မကွေး သြဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသတွင်းအသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးမြို့နယ် ကျေးရွာ(၆)ရွာတို့မှ ဒေသခံ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများသည် နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများတွင် ပါဝင်သော MEME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း စီမံကိန်းကျေးရွာ(၂၁)ရွာ ဆောင်ရွက်ပြီးလုပ်ငန်ရှင်(၁၀၅)ဦး မွေးထုတ်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေမှ ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့မှာတော့ မကွေးတိုင်းမှ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း(၆)ခုတွင် စက်ချုပ်သင်တန်း(၂)ခုမှ ထူးချွန်သင်တန်းသူ(၁၀)ဦး၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်းမှ ထူးချွန်သင်တန်းသား(၁၀)ဦး၊ စားသောက်ကုန်သင်တန်း(၂)ခုမှ ထူးချွန်သင်တန်းသူ(၁၀)ဦး စုစုပေါင်း(၃၀)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်တာဖြစ်ပါကြောင်း၊ ယခုထောက်ပံ့ပေးခဲ့သော ရင်းနှီးမတည်ပစ္စည်းများဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များကို ထူထောင်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးကို များစွာအထောက်အကူ ပြုစေမှာဖြစ်တာကြောင့် မိမိတို့ဒေသ၌ တတ်စွမ်းသည့်ပညာရပ်များကို အသုံးချပြီး လုပ်ငန်းများ ရေရှည်လည်ပတ်ဖွံ့ဖြိုးတိုးတက်အောင် အားလုံးပူးပေါင်းကာ တက်ညီလက်ညီဖြင့် ကြိုးစားလုပ်ဆောင်သွားကြစေလိုကြောင်းစသည်ဖြင့် ပြောကြားပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် မကွေးခရိုင်အတွင်း၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကျေးရွာ(၆)ရွာမှ သင်တန်းသား၊ သင်တန်းသူ(၉၀)ဦးအား တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ၊ စက်ချုပ်နည်းပညာနှင့် ဆိုင်ကယ်ပြင်နည်းပညာများကို သင်ယူတတ်မြောက်ပြီး၊ လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ထူထောင်ပေးနိုင်ခဲ့၍ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကာ မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ