ခန္တီးမြို့၌ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ခန္တီး ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်မှ စတင်ဖွင့်လှစ်လျက်ရှိ‌ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဦးကျော်ဇင်ဦးကအိမ်တွင်းမှုပညာတစ်ရပ်ဖြစ်သည့် မုန့်လုပ်နည်းစနစ်များ တတ်မြောက်လာစေရန်၊ မုန့်များကိုယ်တိုင်ပြုလုပ်တတ်ခြင်းဖြင့် ငွေကုန်ကြေးကျသက်သာပြီး မိမိတို့အိမ်အတွင်း မုန့်များပြုလုပ်နိုင်စေရန်၊ မုန့်များပြုလုပ်ရောင်းချခြင်းမှ အမျိုးသမီးများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေး မိသားစုအပိုဝင်ငွေရရှိလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခန္တီးခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်က အုန်းနို့ကျောက်ကျော ပြုလုပ်ရာတွင်ပါဝင်သည့် ရေ၊ နို့စိမ်း၊ သကြား၊ ကျောက်ကျောမှုန့်၊ ဆားများနှင့် ပတ်သက်၍လည်းကောင်း၊ ဌက်ပျောပေါင်းပြုလုပ်ရာတွင်ပါဝင်သည့် ဌက်ပျောသီး၊ သကြား၊ နို့စိမ်း၊ နို့ဆီ၊ ကင်မွန်းချဉ်ရွက်များနှင့်ပတ်သက်၍လည်းကောင်း ထည့်သွင်းအသုံးပြုရမည့် အချိုးအဆပမာဏများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး လက်တွေ့ပြသခဲ့ရာ သင်တန်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးများ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဩဂုတ်လ(၅)ရက်နေ့မှ (၆) ရက်နေ့အထိ (၂)ရက်တာသင်ကြားပေးမည်ဖြစ်ကာ ဩဂုတ်လ(၆)ရက်နေ့တွင် အာလူးနနွင်းမကင်း၊ အုန်းနို့သာကူပေါင်းပြုလုပ်နည်းများ ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)