စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ လက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုး

မန္တလေး ဩဂုတ် ၅

ပုသိမ်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၀) စက်မှုလယ်ယာစခန်းမှ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းရှိ မိုးစပါးစိုက်ကွင်းတွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် သရုပ်ပြရာသို့ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးပြီး၊ သဘာဝမြေဆွေး (Bocashi) ပြုလုပ်ပုံအဆင့်ဆင့်အား နည်းပြဆရာမတစ်ဦးက ရှင်းလင်းတင်ပြရာ ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော်ပြသကြသည်။ ထို့နောက် သဘာဝမြေဆွေး (၃)ဆနှင့် ယူရီးယားမြေဩဇာ (၁)ဆ ရောစပ်ထားမှုအား ကြည့်ရှုခဲ့ကြပြီး၊ အဆိုပါကျောင်းအတွက် လက်ဆွဲမျိုးစေ့ချ ကိရိယာအား ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ တွေ့ဆုံပွဲ အခမ်းအနားအား အဆိုပါကျောင်း စုဝေးခန်းမ၌ ကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး က ကျောင်းသမိုင်းနှင့် လုပ်ငန်းစဥ်များအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်တို့မှ တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပိုက်ဆံလျှော်မျိုးစေ့များ အားလည်းကောင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)