ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမိုးစပါးနှင့် လမ်း/တံတားများ ကြည့်ရှုစစ်ဆေး

ဘားအံ ဩဂုတ် ၅

ကရင်ပြည်နယ်အတွင်း ဇူလိုင်လနောက်ဆုံးအပတ်ခန့်ကစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်လာသည့်အတွက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးမိုးစပါး   ၁၉၁၅၃၁ ဧကအနက် ၂၉၃၄၉ ဧကရေဖုံးလွှမ်းခဲ့ကာ ဩဂုတ်လ ၄ ရက်နေ့ထိ ၁၁၄၃၆ ဧက ရေပြန်ပေါ်၍ ၃၄၄၉ ဧက ထိခိုက်ပျက်စီးခဲ့ရာ အချိန်မီပြန်လည်ကုစားထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ်၊ ကောလှိုက်ကျေးရွာ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-ကနှင့် ၁၂၀၈-ခ တို့တွင် ရေကြီးနစ်မြုပ် မိုးစပါးစိုက်ဧကများအနက် ထိခိုက်ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ်မိုးစပါး စိုက်ခင်းများအား သဘာဝမြေဩဇာနှင့်ဓာတ်မြေဩ ဇာများအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကာ ထိခိုက်လယ်မြေများတွင်ပြန်လည် ဖာထေးစိုက်ပျိုးနိုင်ရေး၊ ပျက်စီးလယ်မြေများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့်လယ်ယာသုံး စက်ကိရိယာများကူညီဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးစပါးနှင့်သွင်းအားစုများကူညီဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ဘေးဝဲယာရှိ မိုးစပါးစိုက်ခင်းများ၊ ရေကြီးရေလျှံမှုကြောင့် အဆိုပါလမ်းပိုင်း လမ်းပုခုံးနှင့်လမ်းသားထိခိုက်မှုများအား ကြည့်ရှုစစ်ဆေးကာ ထိခိုက်မိုးစပါးများပြန်လည်ကုစားပေးနိုင်ရေးနှင့် ထိခိုက် လမ်း/တံတာများကို လိုအပ်သည့်ပြင်ဆင်မှုများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာအဝင်လမ်း ဘေးဝဲယာ မိုးစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် အဆိုပါလမ်းပိုင်းထိခိုက်မှုတို့ကိုလည်းကောင်း၊ လှိုင်ရွာ-‌ကော့သပုတ်-ကော့ဒါန်မယ်-ကောထမလိန်းလမ်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးကျရောက်ပြီးချိန် အပင်ပြုစုစောင့်ရှောက်ခြင်း၊ ဖြစ်ပွားတတ်သည့်ရောဂါ ပိုးမွှားများကာကွယ်နှိမ်နှင်းခြင်း၊ ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်ပေးရန်နှင့် ထိခိုက်လမ်း/တံတားများအား သက်ဆိုင်ရာဌာနများကအမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)