ငါးသိုင်းချောင်း ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေးနှင့် စာပေဖတ်ရှု့မှုတိုးပွားလာစေရေးတို့ကိုရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့်လူမှုရေးစာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မောင်ဝေလင်းထက်က လူငယ်နှင့် ဝါသနာခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူတိုင်း ပညာရေးတွင်သာမကပဲ အခြားကိစ္စရပ်များတွင် ကိုယ်ဝါသနာပါရာကို လုပ်ကိုင်သင့်ကြောင်း၊ ဝါသနာပါရာကို ဖြောင့်ဖြူးသွားနိုင်အောင် လုပ်ပေးခြင်းဖြင့် ကောင်းမွန်သောအခြေနေတစ်ခုကိုရောက်နိုင်ကြောင်း ဆွေးနွေးခဲ့ပြီး၊ မဇွန်သံစဉ်မှ လူငယ်နှင့်အယုံလွယ်ခြင်းခေါင်းစဉ်ဖြင့် အယုံလွယ်မှုကို လက်တွေ့ဆန်းစစ်ပြီးမှ ယုံကြည်သင့်ကြောင်း၊ စကားတစ်လုံးဖြင့် မိမိတို့၏အနာဂတ်တွေကို ချိုးဖဲ့မဖျက်စီးသင့်ကြောင်း၊ အယုံလွယ်ခြင်းစိတ်ထားမျိုးကို မထားသင့်ကြောင်း၊ မောင်ဇင်မင်းထက် မှလူငယ်နှင့်ပြိုင်ပွဲခေါင်းစဉ်ဖြင့် ပြိုင်ပွဲတိုင်းတွင် အားကစားစိတ်ဓာတ်မရှိ၊ ပြိုင်ပွဲနည်းဥပဒေမသိပါက အနိုင်ရနိုင်မည်မဟုတ်ကြောင်း၊ လူငယ်တစ်ဉီးအနေဖြင့် နေ့စဉ်အားကစားတစ်မျိုးပြုလုပ်သင့်ကြောင်း၊ ပြိုင်ပွဲတစ်ပွဲသည် အားကစားသမားတို့၏ စိတ်ဓာတ်နှင့်စွမ်းရည်ကို မြင့်တင်ပေးနိုင်ကြောင်း စသည့်အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)