သရက် ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာန သရက်မူလတန်းကြိုကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ဗီတာမင်(A)တိုက်ကျွေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ အားပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် သားဖွားဆရာမ ဒေါ်မြင့်မြင့်ဝေက မူကြိုကလေးငယ်များအား ဗီတာမင်(A) တိုက်ကျွေးခြင်းနှင့် အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်းများဆောင်ရွက်ပေးခဲ့ပြီး ဗီတာမင်အစုံအလင်ပါဝင်အောင် စားသုံးခြင်းများ၏ အကျိုးကျေးဇူးများကို ပြောကြားပေးခဲ့သည်။ ထိုသို့ဗီတာမင်(A)တိုက်ကျွေးခြင်းနှင့် အရပ်တိုင်းတာခြင်း ဆောင်ရွက်ပေးနေမှုအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး အာဟာရအဖြစ် ကြက်သားဆန်ပြုတ် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)