ဟင်္သာတ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟင်္သာတတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်လွင်ဦးက သင်တန်းဖွင့်လှစ်သင်ကြားခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းတင်ပြကာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက်ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းမှ သင်တန်းတွင် သင်ကြားပေးခဲ့ကြသော ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် နည်းပြများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ဆုရရှိသောသူများအား ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းမှ ဆုများအသီသီးပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ အခြေခံရှေးဦးပြုစုခြင်း သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဟင်္သာတတက္ကသိုလ်ခေတ္တပါမောက္ခချုပ်ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုကြည်သန်း၊ ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌပါမောက္ခဒေါက်တာ ဆွေဆွေယု၊ သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ နည်းပြ ဆရာ/ဆရာမများနှင့် ဘာသာရပ်အသီးသီးမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)